သာကေတ ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားတွင် သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာမ ရွှေယဥ်နု(ပညာရေး)နှင့် Book Club အဖွဲ့နာယက ဆရာဦးမြစိန် (ပညာရေး/ငြိမ်း)က မုဒိတာစကားပြောကြားသည်။
ဆက်လက်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်တန်းနည်းပြဆရာမ ရွှေယဥ်နု(ပညာရေး)အား ဂါရဝပြုအမှတ်တရလက်ဆောင်ကိုလည်းကောင်း၊ စိတ်ကြိုက်ပန်းချီကဏ္ဍတွင် ရှုထောင့်ပေါင်းစုံမှ အကောင်းဆုံးရေးဆွဲဖော်ပြနိုင်သည့် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသောကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုတံဆိပ်များကိုလည်းကောင်း၊ သင်တန်းချိန်ကာလတစ်ခုလုံးပြီးမြောက်အောင် တက်ရောက်သင်ကြားခဲ့သည့် သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း မြို့နယ်ဦးစီးမှူးနင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ ၁၉ ရက်နေ့မှ ဧပြီ လ ၇ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြောင်းသိရပြီး သင်တန်းဆင်းပွဲအခမ်းအနားအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် သင်တန်းသား၊ သင်တန်းသူများကို မုန့်လုံးရေပေါ်များဖြင့် ဧည့်ခံကျွေးခဲ့ကြောင်း သိရသည်။
ကျော်ကျော် (ပြန်/ဆက်)