ဆိပ်ကြီးခနောင်တို ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း နွေရာသီကာလ သောက်သုံးရေရှားပါးခက်ခဲမှုမဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ရပ်ကွက်များအတွင်း သောက်သုံးရေများ လှူဒါန်းဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ လိုက်လံဖြန့်ဝေပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရေဂါလံ ၁၆၀၀ ဆံ့ကားဖြင့် ခနောင်တိုအနောက်ရပ်ကွက်ရှိ သောက်သုံးရေခက်ခဲသည့် အိမ်ထောင်စုများအား သောက်သုံးရေများ စနစ်တကျလိုက်လံဖြန့်ဝေလှူဒါန်းပေးလျက်ရှိပြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ ကျန်ရှိသည့် ရပ်ကွက်များအလိုက်လည်း ယခုကဲ့သို့နေ့စဉ် အလှည့်ကျသောက်သုံးရေများ လိုက်လံဖြန့်ဝေလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ သောက်သုံးရေလိုက်လံဖြန့်ဝေပေးရာသို့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ (IPRD)