ဒဂုံမြို့သစ်‌(တောင်ပိုင်း)မြို့နယ်တွင် စာစီစာကုံးရေးသားနည်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ဒဂုံတောင် ဧပြီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာစီစာကုံးရေးသားနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၈ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။

အခမ်းအနားတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာသက်ဝေမောင်က သင်တန်းတွင် ကျင်းပပေးခဲ့သည့် ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာစီစာကုံးရေးသားနည်းသင်တန်းတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်ဦးစီးမှူးကသင်တန်းနည်းပြဆရာအား ဂါရဝပြုလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်လေးများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ စာစီစာကုံးရေးသားမှုစွမ်းရည်များ ပိုမိုတိုးတက်လာစေရန်နှင့် စာစီစာကုံးရေးသားနည်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါစာစီစာကုံးရေးသားနည်းသင်တန်းအား ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ (အခမဲ့)ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အချိုရည်များ တိုက်ကျွေးလှူဒါန်းကြကြောင်း သိရသည်။

နေမျိုးအောင်