မြစ်ကြီးနားမြို့နယ်၊ ‌ရွှေစက်ရပ်ကွက်၊ နယ်မြေ (၁)၊ အိမ်အမှတ် (၄၁) တွင် ဓာတ်ဆီဘောက်ဆာတွဲကားမှ အခြားဆီတိုင်ကီအတွင်းသို့ စက်ဖြင့်ဆီလှယ်ရာ ပိုက်ဆက်ပြုတ်၍ မီးလောင်မှုဖြစ်ပွား

မြစ်ကြီးနား ဧပြီ ၈

မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ (၁)၊ အိမ်အမှတ် (၄၁) တွင် ယနေ့နံနက် ၈ နာရီခွဲခန့်က ဓာတ်ဆီဘောက်ဆာတွဲကားမှ အခြားဆီတိုင်ကီအတွင်းသို့ စက်ဖြင့်ဆီလှယ်ရာ ပိုက်ဆက်ပြုတ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရွှေစက်ရပ်ကွက်၊ နယ်မြေ (၁)၊ အိမ်အမှတ် (၄၁)၊ ဦးမြင့်ဇော်ပိုင်ဆိုင်သော ခြံဝင်းတွင် ဌာရမ်းလုပ်ကိုင်သူသည် ခြံဝင်းအတွင်းရှိ ဓာတ်ဆီဘောက်ဆာတွဲကားမှ အခြားဆီတိုင်ကီအတွင်းသို့ စက်ဖြင့်ဆီလှယ်ရာ ပိုက်ဆက်ပြုတ်၍ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့မှုကြောင်း တွဲကားဘောက်ဆာ (၁) စီး၊ ဓာတ်ဆီပေပါ (၁၂) လုံး၊ (၃၀ x၃၀) ပေရှိ သွပ်မိုး၊ အုပ်ညှပ်၊ မြေစိုက် (၁) ထပ်နှင့်(၃၀ x၂၀)ပေရှိ သွပ်မိုး၊ အထပ်သားကာ၊ မြေစိုက် (၁)ထပ် စုစုပေါင်းအဆောက်အဦ (၂)လုံး၊ စုစုပေါင်းမီးလောင်ဆုံးရှုံး မှု တန်းဖိုးငွေကျပ် (၄၅၀၀၀၀၀၀) ခန့်ရှိကြောင်းနှင့် မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု/ သေဆုံးမှုမရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၄၀) ဦး၊ အရန် (၂၀) ဦး၊ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၄) စီး၊ မီးသတ်စက်ယာဉ် (၁) စီး၊ သူနာတင်ယာဉ် (၁) စီး၊ ရပ်ကွက်များမှ အရန်မီးသတ်‌ရေသယ်ယာဉ် (၂) စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ် (၁) စီးဖြင့် မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၉ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့‌ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)