ဒဂုံတောင် ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ လမ်းလျှောက်သင်္ကြန်များ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ စတုဒိသာကျွေးမွေးနိုင်ရေး၊ အေးချမ်းစွာ ရေကစားနိုင်ရေး စီစဉ်ထားရှိမှု ရေကစားမဏ္ဍပ်များ အဖွဲ့အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ စတင်ဆောင်ရွက်မည့်အခြေအနေနှင့် ဦးစီးကော်မတီက အားဖြည့်ဆောင်ရွက်ပေးရမည့် အခြေအနေများ အဖွဲ့လိုက်ဆွေးနွေးတင်ပြပေးကြရန် စသဖြင့်ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဝင်းမြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူးနှင့် မြို့နယ်ဆရာဝန်ကြီးတို့က တာဝန်ကျမဏ္ဍပ်များတွင် လုံခြုံရေးအသိသတိရှိကြစေရန်နှင့် ရေပက်ကစားခြင်းနှင့် စတုဒီသာကျွေးမွေးမှုများတွင် ကျန်းမာရေးနှင့်ညီညွတ်စေရန် အစာသန့်ရှင်းမှုနှင့် ရေသန့်ရှင်းမှုရှိစေရန်များ ဆွေးနွေးကြပြီး ရေကစားမဏ္ဍပ်များအလိုက် အဖွဲ့ခေါင်းဆောင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊နေ့စဉ်စတုဒိသာဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ၊ ယိမ်းအကအဖွဲ့ဖျော်ဖြေမှုများ၊ လျှပ်စစ်မီးနှင့် ရေသုံးစွဲမည့် အစီအစဉ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးကြောင်း သိရသည်။
သန်းသန်းအေး