တာလေမြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲကျင်းပ

တာလေ ဧပြီ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၄ နာရီ ၃၀ မိနစ်အချိန်က နားယောင်းကျေးရွာအုပ်စု၊ ပန်ချီဟတ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက နယ်စပ်ဖြတ်ကျော်မီးခိုမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အားလုံးပူးပေါင်းပါဝင်ပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက ရာသီဥတုပြောင်းလဲမှု၊ တောမီးနှင့် မီးခိုးမြူငွေ့တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက မီးခိုးမြူငွေ့ကင်းစင်ဖို့ စိုက်ပျိုးနည်းစနစ်များ ပြောင်းကြစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် ဒေသခံပြည်သူများအား မြန်မာဘာသာ၊ လားဟူဘာသာ၊ အာခါဘာသာ၊ ရှမ်းဘာသာ (၄) မျိုးဖြင့် ရေးသားထားသော နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် (၄၅၀) စောင်အား တာဝန်ရှိသူများမှ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး (ပြန်/ဆက်)