ပန်းဘဲတန်း ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၌ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ (၃) မြို့နယ်စုပေါင်း၍ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်အရှင်သူမြတ်များနှင့် လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် ဆုများ ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ မဟာသိမ်တော်ကြီး၊ ပရိယတ္တိစာသင်တိုက်ဓမ္မာရုံတွင် ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တက်ရောက်လာသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သိမ်တော်ကြီးဂေါပကဥက္ကဋ္ဌ ဦးအောင်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လူမှုရေးအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကုမာရအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပဓာနနာယကဆရာတော်အား ဝတ္ထုငွေကပ်လှူခြင်း၊ စာချဆရာတော်များအား ဝတ္ထုငွေကပ်လှူခြင်း၊ စာအောင်သံဃာတော်အရှင်သူမြတ်များနှင့် လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် ဆုများဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ဘုရားမှ ရေစက်သွန်းချအနုမောဒနာတရားချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)