မိတ္ထီလာမြို့တွင်  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများ ပြိုလဲပြတ်ကျခြင်း၊‌ လူနေအိမ်တချို့နှင့် ဈေးဆိုင်ခန်းတချို့ထိခိုက်ပျက်စီးမှုဖြစ်ပွား

မိတ္ထီလာ ဧပြီ ၈

မိတ္ထီလာမြို့တွင် ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများပြိုလဲပြတ်ကျခြင်း၊ လူနေအိမ်တချို့နှင့်ဈေးဆိုင်ခန်းတချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှူကြောင့် ဇောင်ချမ်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းမပေါ်သို့ အနီးကုက္ကိုပင်ကြီးများမှ သစ်ကိုင်းကြီးများကျိုးကျ ခြင်း၊ မိတ္ထီလာကန်ကူးတံတားအနောက်ထိပ် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမပေါ်သို့ သက်တမ်းရင့်လက်ပံပင်ကြီးတစ်ပင်လဲကျပြီး ဟိုက်ဂျက်(စူဇူကီး) ကားတစ်စီးပေါ်  သစ်ကိုင်းအခက်အလက်များပိမိခြင်း၊ မြို့ပေါ်ရပ်ကွက်များရှိ လမ်းများအနီးမှ သစ်ပင်သစ်ကိုင်းများ ပြိုလဲပြတ်ကျခြင်း၊ လူနေအိမ်တချို့နှင့် ဈေးဆိုင်ခန်းတချို့ ခေါင်မိုးများ လွင့်ထွက်ပျက်စီးခြင်းစသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့‌သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့်  ပြိုကျပျက်စီးသည့်သစ်ပင်များ၊ သစ်ကိုင်းများဖြင့် ယာဉ်လမ်းပိတ်ဆို့မှုမဖြစ်စေရေးအတွက် ရှင်းလင်းခြင်းနှင့် လိုအပ်သည့် သဘာဝဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှူရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများကအချိန်နှင့်တစ်ပြေးညီ စုပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုမှ မြောက်အရပ်မှ  လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်မှ ၂၅ မိုင်နှုန်းဖြင့် ညနေ  ၃ နာရီ ၁၅ မိနစ်မှ ညနေ ၃ နာရီ ၃၇ မိနစ်အထိ တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လေကြောင်းနှင့် မိုးလေဝသခန့်မှန်းရေးရုံး (မိတ္ထီလာ) ၏ တိုင်းတာချက်များ အရ သိရသည်။

ချမ်းသာ