ဒဂုံတောင် ဧပြီ ၈
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ကြီးမှူးဖွင့်လှစ်သော အခြေခံဂီတ၊ အက၊ ပန်းချီနှင့် သရုပ်ဆောင်ပညာနွေရာသီသင်တန်းကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၁၈ ရပ်ကွက် စည်ပင်လမ်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဧပြီ ၆ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးကြောင်း သတင်းရရှိသည်။
ထိုသို့ ဖွင့်လှစ်သင်ကြားပေးရာတွင် အဆိုဘာသာရပ် (မဟာဂီတ)၊ အခြေခံကဗျာလွတ်အက (ပထမအဆင့်)၊ ခဲပန်းချီ၊ အခြေခံသရုပ်ဆောင်ပညာရပ်များကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သဘင်ပညာဌာန၊ ပန်းချီပညာဌာန၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနများ၏ ကျွမ်းကျင်နည်းပြများက လက်တွေ့သင်ကြားပို့ချပေးပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၄၂ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦး တက်ရောက်သင်ကြားကြောင်းနှင့် သင်တန်းကာလမှာ ဧပြီ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၅) ရက်ဖြစ်ကြောင်း သတင်းရရှိသည်။
နေမျိုးအောင်