မိုးညှင်း ဧပြီ ၇
ကချင်ပြည်နယ် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိုးကောင်းမြို့နယ် ရေတွင်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ဧပြီ ၆ ရက်နေ့နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလင်းနှင့် ဝန်ထမ်းများ၊ မိုးကောင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့် စီမံကိန်းတာဝန်ခံတို့နှင့်အတူ ရေတွင်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ စာရင်းဇယားများမှန်ကန်စွာ ရေးသွင်းထားရှိမှုအခြေအနေများနှင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း တိကျမှန်ကန်စွာ လိုက်နာဆောင်ရွက်ထားရှိမှု ရှိ/မရှိအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်းရန်ပုံငွေများ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ ရန်ပုံငွေများ အလေအလွင့်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊ ကြွေးကျန်မဖြစ်စေရေးနှင့် အတိုးအရင်းများအား သတ်မှတ်ကာလများတွင် အပြေအကြေပေးသွင်းနိုင်စေရေး စသည်တို့ကို အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ကြသည်။
မိုးကောင်းမြို့နယ် ရေတွင်းကုန်းကျေးရွာ၌ မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၁၇)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၃၂)ဦးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၁၆)ဦး စုစုပေါင်း အသင်းသားအသင်းသူ (၆၅)ဦးကို မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကျပ်(၅၁၂)သိန်းကျော် ထုတ်ချေးပေးထားကြောင်း သိရသည်။
ရွှေမိုးညှင်း