ဟိုပုံး ဧပြီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများအေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်က ဟိုပုံးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်တည်ဆောက်နေမှု၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ လမ်းလျှောက်သင်္ကြန်၊ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန် ကျင်းပနိုင်ရေးဆောင်ရွက်မှုနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ဗဟိုမဏ္ဍပ်တည်ဆောက်နေမှု၊ ရေကစားမဏ္ဍပ်သို့ လာရောက်ဆင်နွှဲကြမည့်သူများအား သင်္ကြန်ကာလအတွင်း စတုဒိသာအလှူပြုလုပ်မည့် အစီအစဉ်များ၊ ရေကစားနိုင်ရေး ရေသွယ်တန်းထားရှိမည့် အစီအစဉ်များ၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ လမ်းလျှောက်သင်္ကြန်၊ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်ကျင်းပနိုင်ရေး၊ ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)