မိုင်းကိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဒေသထွက်ကုန်ပစ္စည်းပြပွဲ ကျင်းပ

မိုင်းကိုင် ဧပြီ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လူငယ်လူရွယ်များ၊ ပရိယတ္တိနွေရာသီသင်တန်း Summer School တက်ရောက်နေသော ရဟန်း၊ ရှင်သာမဏေများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ဒေသထွက်ကုန်ပစ္စည်းပြပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့မနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင်  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦး ကအဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်နန်းလှိုင်လှိုင်ဦးက  အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးခိုင်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ နယ်မြေခံတပ်မှ ဗိုလ်ကြီးဇော်လင်းက ဆိုရှယ်မီဒီယာနှင့် လူငယ်များ၏ အချိန်ကိုအကျိုးရှိစွာ အသုံးချနည်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းအောင်က မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ခေါင်းစဉ်များဖြင့် အသီးသီးအသိပညာပေးဟောပြောခဲ့ကြရာ တက်ရောက်လာကြသော  လူငယ်လူရွယ်များနှင့် ရဟန်း၊ ရှင်သာမဏေများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲနှင့် ဒေသထွက်ကုန်ပစ္စည်းပြခန်းကို ဖွင့်လှစ်ပြသရာ  လူငယ်လူရွယ်များနှင့် ရဟန်း၊ ရှင်သာမဏေများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)