မိုးကောင်းမြို့၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အိုင်စီအာရ်စီအကြောင်းအရာ မိတ်ဆက်ဆွေးနွေး

မိုးကောင်း ဧပြီ ၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ International Committee of The Red Cross (ICRC)အိုင်စီအာရ်စီအကြောင်းအရာ မိတ်ဆက်ဆွေးနွေးပွဲကို ဧပြီ(၃)ရက် နေ့လယ်(၁၁)နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်က အမှာစကားပြောကြားပြီး အိုင်စီအာရ်စီပြန်ကြားဆက်သွယ်ရေးတာဝန်ခံ ဦးဇော်ဖန်က အိုင်စီအာရ်စီလုပ်ငန်းဆောင်ရွက်ပုံနှင့် ကြက်ခြေနီသင်္ကေတအမှတ်အသားအကြောင်းအရာကို ရုပ်သံပြသပေးသည်။

ဆက်လက်၍ အိုင်စီအာရ်စီပြန်ကြားဆက်သွယ်ရေးတာဝန်ခံက ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ သမိုင်းအကြောင်း၊ လုပ်ငန်းတာဝန်၊ မူဝါဒ၊ လုပ်ငန်းဆောင်ရွက်ပုံနှင့် လုပ်ငန်းများအကြောင်းကို Power Point ဖြင့် ရှင်းလင်းသည်။

ထို့နောက် တက်ရောက်လာသူများမှ အိုင်စီအာရ်စီ အကြောင်းအရာများနှင့်ပတ်သက်၍ သိလိုသည့်မေး‌ခွန်များ မေးမြန်းမှုအ‌ပေါ် ICRC ကွင်းဆင်းတာဝန်ခံ Issah ABUBAKARI (ဂါနာနိုင်ငံသား)က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အိုင်စီအာရ်စီမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီဝန်ထမ်းများ၊ ရပ်ကျေးအုက်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်သည်။

သန်းလွင်ဦး(ပြန်/ဆက်)