မိတ္ထီလာ ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ လူစည်ကားရာနေရာများတွင် အပူဒဏ်အန္တရာယ် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ဧပြီ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က မြို့မစည်ပင်သာယာစျေးကြီးနှင့် စက်သုံးဆီဆိုင်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ကျန်းမာရေးမှူး ဒေါက်တာရဲပိုင်တို့က ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာစျေးကြီးအတွင်းရှိ စျေးသည်များ၊ စျေးဝယ်များအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း၊ hand speaker ဖြင့် ဆောင်ရန် ရှောင်ရန်များကို ဖွင့်ပေးခြင်းနှင့် ဓါတ်ဆားထုပ်များ အခမဲ့ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ အပူဒဏ်အန္တရာယ် ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို အောင်ဆန်းရပ်ကွက်အတွင်းရှိ Farmar စက်သုံးဆီအရောင်းဆိုင်သို့ ဆိုင်ကယ်ဆီ လာရောက်ထုတ်ယူသည့် ဒေသခံ ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)