တာမွေ ဧပြီ ၅
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး၌ ၂၀၂၆-ခုနှစ်အတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနောက်ဆက်တွဲစောင့်ရှောက်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ်သင်တန်းသားဦးရေ တစ်ရာကျော်ထိရှိကြောင်း ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ် သင်တန်းဆင်းသင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်အောင်ဝင်းက မူးယစ်ဆေးစွဲသူများအား ပြန်လည်ထူထောင်မှုခံယူနိုင်ရန်အတွက် ပြန်လည်ထူထောင်ရေးစခန်းများမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်ခင်က အမှာစကားပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက မူးယစ်ဆေးဖြတ်ပြီး၍ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား ဘဝအောင်မြင်တိုးတက်စေရေးအတွက် လမ်းညွှန်ဆုံးမစကား ပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များအား အသီးသီးပေးအပ်ခဲ့ကြပြီး မူးယစ်ဆေးဖြတ် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုမှဥက္ကဋ္ဌ ဦးစံရှိန်က မူးယစ်ဆေးဖြတ်သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့်တွေ့ဆုံကာ သင်တန်းဆင်း သင်တန်းသားများ၏ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်လာမှုအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများသည် သင်တန်းဆင်း သင်တန်းသားများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အခမ်းအနားသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ် သင်တန်းသားများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုအနေဖြင့်မူးယစ်ဆေးစွဲလူနာများအားရှာဖွေဖော်ထုတ်ခြင်း၊ ဆိုရှယ်မီဒီယာမှဆက်သွယ်လာသည့် မူးယစ်ဆေးစွဲလူနာများအား ဆေးရုံသို့လွှဲပြောင်းညွှန်းပို့၍ ဆေးဖြတ်ပေးခြင်း၊ ဆေးရုံမှပြန်ဆင်းလာသည့်အခါ ပြန်လည်ထူထောင်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်မှုခံယူပြီးသူများအား နောက်ဆက်တွဲစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းတို့ကို (၂၄)နာရီ ဝန်ဆောင်မှုပေးလျက်ရှိပြီး ၂၀၂၆-ခုနှစ်အတွင်း စုစုပေါင်း မူးယစ်ဆေးဖြတ် သင်တန်းသား (၁၀၃)ဦးကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်း ရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)