လားရှိုးမြို့တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

လားရှိုး ဧပြီ ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အား ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ အမှတ် ၁ သီရိမဟာရပ်ကွက်၊ နယ်မြေ ၆ ရှိ လွတ်လပ်ရေးပန်းခြံအတွင်း၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ယိမ်းအကအဖွဲများဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်းတွင် အခြေခံပညာဦးစီးဌာနမှ ယိမ်းအကအဖွဲ့များက နေစဉ် နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီခွဲအထိ လေ့ကျင့်‌နေမှု အခြေအနေများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်၊ လားရှိုးမြို့နယ် ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)