ကော့မှူး ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူ လူငယ်များပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ ၁၀ နာရီက လူငယ်စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထက်မြက်သူက စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး လူငယ်စာပေဝါသနာရှင် မအေးမြတ်သူက စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “အောင်မြင်ခြင်းရဲ့အုတ်မြစ်” စာအုပ်ထဲမှ သင့်ရဲ့ရွေးချယ်ပိုင်ခွင့် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မရတနာကျော်က“လမ်းမှန်သိစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးအေးသက်က “ငါးသုံးကောင်”ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မအေးမြတ်သူက ဦးဆောင်ဆွေးနွေးရာတွင် လူတစ်ဦးအောင်မြင်ပြည့်စုံသော ဘဝကိုပိုင်ဆိုင်လိုပါက မိမိကိုယ်ကိုတန်ဖိုးထားတတ်ရန်၊ ရိုသေလေးစားတတ်ရန်၊ စည်းစနစ်တကျနေထိုင်ကြရန်၊ မိမိ၏ဆန္ဒ၊ မျှော်မှန်းချက်၊ ပန်းတိုင်၊ လုပ်ရဲကိုင်ရဲသည့်သတ္တိ၊ ဇွဲလုံ့လဝိရိယ၊ အပေါင်းအသင်း သူငယ်ချင်းမိတ်ဆွေများ၊ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို သာဓကများဖြင့် ဦးဆောင်ဖတ်ကြား ဆွေးနွေးခဲ့ပြီးစာဖတ်ဝိုင်းတက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင် လူငယ်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့်စာစုများဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)