မိုးနဲ ဧပြီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေပိုင်းက အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှုး ဦးမောင်ခိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကိုကိုသက်က မီးဘေးလုံခြုံရေး ကြိုတင်ဆောင်ရွက်ထားရှိရမည့် အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းအကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)