ဟိုပုံး ဧပြီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆွမ်းဆန်လောင်းလှူပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီလ(၄)ရက်နေ့ ယမန်နေ့ ညနေ (၄)နာရီအချိန်က သီရီမင်္ဂလာသာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရ(၃)ပါး၊ ကျမ်းရင်း(၂)ကျမ်းအောင် (၂)ပါး၊ ကျမ်းရင်း(၁)ကျမ်းအောင် (၄)ပါး၊ ပထမကြီးတန်း(၅)ပါး၊ ပထမလတ်တန်း(၂၂)ပါး၊ ပထမငယ်တန်း(၃၅)ပါးနှင့် အခြေပြုမူလတန်း(၅၆)ပါး စုစုပေါင်း(၁၂၇)ပါးတို့အား ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် အခမ်းအနားကိုဆက်လက်ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီးနောက် သာသနာလင်္ကာရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာလင်္ကာရနှင့် သံဃာတော် အရှင်သူမြတ်တို့ထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များကိုနာယူကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရ(၃)ပါး၊ ကျမ်းရင်း(၂)ကျမ်းအောင် (၂)ပါး၊ ကျမ်းရင်း(၁)ကျမ်းအောင် (၄)ပါး၊ ပထမကြီးတန်း(၅)ပါး၊ ပထမလတ်တန်း(၂၂)ပါး၊ ပထမငယ်တန်း(၃၅)ပါးနှင့် အခြေပြုမူလတန်း(၅၆)ပါး စုစုပေါင်း(၁၂၇)ပါးတို့အား အောင်လက်မှတ်နှင့်ဝတ္ထုငွေများကိုဆက်ကပ်လှူဒါန်းပြီး ဟိုခိုကျောင်းတိုက်ဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဝိဇယက ပါဠိပထမပြန်စာမေးပွဲတွင် ဆွမ်း၊ ကွမ်းအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)