ထန်းတပင်မြို့နယ်၌ မွန်စာပေနှင့် မွန်စကားပြော သင်တန်းဆင်းပွဲ ကျင်းပ

ထန်းတပင်(ရန်ကုန်) ဧပြီ ၄

မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)မှကြီးမှူးကာ  နွေရာသီမွန်စာပေနှင့် မွန်စကားပြောသင်တန်းကို ရန်ကုန်တိုင်းဒေကြီး၊ ထန်းတပင်မြို့နယ်တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ ညနေပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ခေတ္တယာယီ) သင်တန်းခန်းမတွင် သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ နိုင်မြင့်သိန်းက မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မွန်စာပေ အရည်အချင်းစစ်စာမေးပွဲတွင် ဆုများရရှိခဲ့ကြသည့် မွန်တိုင်းရင်းသား ကလေးငယ်(၃)ဦးတို့ကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် ကလေးငယ်များကိုလည်း သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

ထန်းတပင်မြို့နယ်အတွင်း နွေရာသီမွန်စာပေနှင့် မွန်စကားပြောသင်တန်းကို မတ် ( ၂)ရက်မှ မတ်လ (၃၁)ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ မွန်တိုင်းရင်းသားကလေးငယ် (၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)