နေပြည်တော် ဧပြီ ၃
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ်၊ ရှမ်းစု(အရှေ့) ကျေးရွာ၌ တည်ရှိသော လောကသာမိစေတီတော် ပြန်လည်ပြုပြင် မွမ်းမံနိုင်ရေးအတွက် စေတီတော်ကြီး၏ဂေါပကအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍မှာကြားခဲ့သည်။
ဆက်လက်၍ ညနေပိုင်း၌ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၈ နှစ်၊ မြန်မာတို့၏ နှစ်သစ်ကူး အခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက လယ်ဝေးမြို့နယ်အတွင်း မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအသီးသီး ဖွဲ့စည်းကာ ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများစုပေါင်း၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း၊ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဆောက်လုပ်ရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး၊ စတုဒီသာမဏ္ဍပ်များ၊ သနပ်ခါးမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်များ၊ ယိမ်းအဖွဲ့နှင့်ဖျော်ဖြေရေး ဆောင်ရွက်ထားရှိမှုများ၊ ပွဲတော်လုံခြုံရေးနှင့် ကျန်းမာရေးအတွက် ဆောင်ရွက်ထားရှိရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအသီးသီးမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လူမှူရေးအသက်းအဖွဲ့များနှင့် မြို့မိ မြို့ဖများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား တင်ပြဆွေးနွေးရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့၊ သီရိရတနာ ဈေးအနီး မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်ဆောက်လုပ်မည့် နေရာသို့ ကွင်းဆင်းကြည့်ရှုကာ သက်ဆိုင်ရာဌာနများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)