တောင်ကြီး ဧပြီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) ကို ယမန်နေ့ညနေ (၃)နာရီက ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ရှမ်းပြည်နယ် အသေးစားစက်မှုလင်မှုလုပ်ငန်းဦးစီးဌာနအနေဖြစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် အသေးစား စက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ပေးဖို့ (၃၀၀)ခုလျာထားကြောင်း၊ ယခုအစည်းအဝေးတွင် (၂၅)ဦး စိစစ်ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ယနေ့အထိ ရှမ်းပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၂၉၈)ခုကို မှတ်ပုံတင်ခွင့်ပြုထားပေးပြီးဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် လုပ်ငန်းအသစ်လျှောက်ထားလာသည့် စားသောက်ကုန်လုပ်ငန်း (၁၄)ခု၊ လူသုံးကုန်လုပ်ငန်း (၃)ခု၊ အဝတ်အထည်လုပ်ငန်း (၅)ခု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း (၂)ခုနှင့် အထွေထွေလုပ်ငန်း (၁)ခု စုစုပေါင်း (၂၅)ခုဖြစ်ပါကြောင်း၊ တင်ပြထားသည့်လုပ်ငန်းများကို ရှမ်ပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဥပဒေနှင့်အညီ စနစ်တကျခွင့်ပြုပေးနိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်း၊ မြင်းကောင်ရေ(၅)ကောင်အားနှင့်အောက်ရှိပြီး အလုပ်သမား (၉)ဦးထက်ပိုသည့် စက်မှုလုပ်ငန်းနှင့်အလုပ်သမား (၃)ဦးနှင့်အထက်ရှိသည့် လက်မှုလုပ်ငန်းများကို တရားဝင်ဥပဒေနှင့် အညီလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိဖို့ မြန်မြန်ဆန်ဆန်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်ထုတ်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ဒါအပြင် မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ရရှိလာသည့် မှတ်ပုံတင်ကြေးများသည်လည်း နိုင်ငံတော်အတွက် ဝင်ငွေတစ်ရပ်ဖြစ်တာကြောင့် နှစ်စမှသည် လျှာထားချက်များကျော်လွန်အောင် ကြိုးစားဆောင်ရွက်ဖို့ မှာကြားလိုပါကြောင်း၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအနေဖြင့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပြင်ဆင်နိုင်မှာဖြစ်သည့်အပြင် ယခုထက်ပိုမိုပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်ကြမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) နှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆-၂၀၂၇)သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးနှင့် ဝန်ထမ်းများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)