ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင် ဧပြီ ၄

နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်ကျောင်းများမှ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ပို့ချပေးခဲ့ရာ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အခမ်းအနားမှူးအဖြစ် တာဝန်ယူတင်ဆက်ခြင်း ပြိုင်ပွဲကျင်းပ၍ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်မင်းဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်းများအား
ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဒုတိယဥက္ကဋ္ဌ MC ဒေါ်အေဇင်မေက ရှင်းလင်းပြောကြားခဲ့ကာ အခမ်းအနားမှူးအဖြစ် တာဝန်ယူတင်ဆက်ခြင်း ပြိုင်ပွဲကျင်းပသည်။

ထို့နောက်သင်တန်းဆင်းပွဲကို ဆက်လက်ကျင်းပရာ ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းမှဥက္ကဋ္ဌ စာရေးဆရာကိုရွှေအောင်သင်းက ဒိုင်ချုပ်အဖြစ်ဆောင်ရွက်ပြီး၊ ဗမာစာပေနှင့်ယဉ်ကျေးမှု အသင်းမှ ဒုတိယဥက္ကဋ္ဌ MC ဒေါ်အေဇင်မေ၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးနှင့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ဇာဇာ၀င်းတို့က အကဲဖြတ်ဒိုင်များအဖြစ် အသီးသီးဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ စာရေးဆရာကိုရွှေအောင်သင်းက သင်တန်းသား/ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများ၏ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူး၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

သွေးသွေး