ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ် အဖျောက် သဘာဝဓာတ်ငွေ့မြေသို့ သွားရောက် ကြည့်ရှုစစ်ဆေး

ရန်ကုန် ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ အဖျောက် သဘာဝဓာတ်ငွေ့မြေသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ်ရှိ အဖျောက် သဘာဝဓာတ်ငွေ့မြေ ရှင်းလင်းဆောင်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ထွန်းက အဖျောက် သဘာဝဓာတ်ငွေ့မြေ၏ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်နိုင်ခဲ့သည့် အခြေအနေများ၊ လက်ရှိဆောင်ရွက်မှု အခြေအနေများ၊ တွင်းဟောင်းများ၏ ပါးလွှာသဲကြောများအား ပြန်လည်လေ့လာ တွက်ချက်သုတေသနပြုလုပ်၍ စမ်းသပ်ထုတ်လုပ်ခဲ့ရာမှ သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်ထုပ်လုပ်နိုင်ခဲ့သည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လမ်းညွှန်အားပေးစကားပြောကြားရာတွင် အဖျောက်ရေနံမြေသည် ရပ်ဆိုင်းလုနီးပါးဖြစ်နေသည့် အခြေအနေမှ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အတွက် ၁-၁၂-၂၀၂၃ ရက်နေ့တွင် သဘာဝဓာတ်ငွေ့များ ပြန်လည်၍ ထွက်ရှိလာပါကြောင်း၊ ယခုအချိန်တွင် တွင်းသစ် (၁)တွင်းနှင့် တွင်းဟောင်း (၄)တွင်းတို့မှ သဘာဝဓာတ်ငွေ့များ ပုံမှန်ထွက်ရှိနေပါကြောင်း၊ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေများကို အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍတို့တွင် အသုံးပြုနေသည့် Taxi ယာဉ်များ၊ Bus ကားများ၊ ကုန်တင်ယာဉ်များတွင် အသုံးပြုနေပါကြောင်း၊ ထပ်မံရရှိလာသည့် တွင်းအမှတ် (၅၇)သည် တစ်နေ့လျှင် ဓာတ်ငွေ့ကုဗပေ (၁.၅)သန်းခန့် ထွက်ရှိမည်ဟုသိရှိရပါကြောင်း၊ ယခုကဲ့သို့ စက်သုံးဆီရှားပါးနေသည့်အချိန်တွင် သဘာဝဓာတ်ငွေများ ပိုမိုထုတ်ယူလာနိုင်ခြင်းသည် နိုင်ငံတော်အတွက် အကျိုးများစွာဖြစ်ထွန်းစေပါကြောင်းနှင့် သုတေသနပြုလုပ်၍ အောင်မြင်မှုအပေါ် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများအားလုံးအား အသိအမှတ်ပြု ချီးကျူးလိုပါကြောင်း စသည်တို့ကိုပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖျောက် သဘာဝဓာတ်ငွေ့မြေမှ အရာထမ်း/အမှုထမ်းများအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က အဖျောက် သဘာဝဓာတ်ငွေ့မြေတွင် သဘာဝဓာတ်ငွေ့ ပိုမိုထုတ်လုပ်နိုင်ခဲ့သည့် တွင်းအမှတ် (၅၇)၏ တိုးချဲ့သဲကြော သေနတ်ဖောက်ခြင်းလုပ်ငန်း သဘာဝဓာတ်ငွေ့ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)