နမ့်စန်မြို့နယ်တွင် ကုလရက္ခိတ ယဉ်ကျေးလိမ္မာ လူငယ်အထူးတရားစခန်း ဖွင့်လှစ်ဆောင်ရွက်

နမ့်စန်(တ) ဧပြီ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်(၁၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော စတုတ္ထအကြိမ်မြောက် ကုလရက္ခိတ ယဉ်ကျေးလိမ္မာ (၁၀)ရက် လူငယ်အထူးတရားစခန်းကို ဧပြီလ (၂) ရက်နေ့ နံနက်ပိုင်းကစ၍ အမှတ်(၃)ရပ်ကွက်ရှိ မြို့မဝိသုဒ္ဓိကျောင်းတိုက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ လူငယ်အထူးတရားစခန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့(ဗဟို)၊ ကုလရက္ခိတယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့မှ ဆရာတော် အရှင်အာစိဏ္ဏာလင်္ကာရဦးစီး၍ သင်ကြားရေးဆရာ/ဆရာမများက နံနက် ၅ နာရီခွဲမှ ည ၉ နာရီခွဲအထိ အချိန်အလိုက်စနစ်တကျသင်ကြားဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဓမ္မစကူးလ်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မျိုးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သာသနာရေးဆိုင်ရာအသင်းအဖွဲ့များနှင့် အလှူရှင်များက အာဟာရ ကျွေးမွေး လှူဒါန်းခြင်းနှင့် လိုအပ်သည့် ဝေယျာဝစ္စကိစ္စရပ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံ့သည်းချာ ရင်သွေးရတနာတို့၏ နှလုံးသား၌ မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မများ စနစ်တကျကိန်းဝပ်ပြီး လူ့ကျင့်ဝတ်၊ လူ့သိက္ခာနှင့်အညီ နိုင်ငံနှင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို ထမ်းရွက်နိုင်သော၊ ထမ်းရွက်လိုသော လူတော်လူကောင်းများ တိုးတက်ပြန့်ပွားနိုင်ရန်ရည်ရွယ်၍ အဆိုပါ လူငယ်အထူးတရားစခန်း(၁၀)ရက်ကို ဖွင့်လှစ်ခြင်းဖြစ်ပြီး နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အသက် (၁၄) နှစ်မှ (၃၀) နှစ်အတွင်းရှိ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၉၅) ဦး ဝင်ရောက်လျက်ရှိကြောင်း လူငယ်အထူးတရားစခန်း ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။

သူရအောင်(နမ့်စန်)