ဒက္ခိဏခရိုင်၌ နွေရာသီအခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၄

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအင်္ဂလိပ် သဒ္ဒါသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦး၊ ပျဉ်းမနားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်တူးတူးချို၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှတာဝန်ရှိသူများ၊ သင်တန်းဆရာ/ဆရာမများနှင့်ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချပြီး မိမိတို့ဘဝအတွက် အခြေခံကောင်းများရရှိစေရန်ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိသွားသော အင်္ဂလိပ်စာနှင့် ပန်းချီပညာရပ်များကို အခြေခံပြု၍ ဆက်လက်လေ့လာဆည်းပူးသွားကြရန်နှင့် မိမိတို့၏ထူးချွန်ထက်မြက်သည့် အရည်အချင်းများကိုအသုံးချကာ နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက်ပျဉ်းမနားရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်တူးတူးချိုက ကျောင်းသား၊ ကျောင်းသူများအား သင်တန်းဆင်း အမှာစကားပြောကြားသည်။ ယင်းနောက် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်တူးတူးချိုနှင့်တာဝန်ရှိသူများက Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် Diamond Star ကိုယ်ပိုင်အထက်တန်း ကျောင်းမှ သင်တန်းနည်းပြများအား ဂါရဝပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ (၁၁) ဦးအား ဆုတံဆိပ်များကိုလည်းကောင်း အသီးသီးပေးအပ်ကြသည်။

ထို့နောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက သင်တန်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးပါသော တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)