ချမ်းမြသာစည် ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီးတွင် ကျင်းပလျက်ရှိရာ စာဖြေသံဃာတော်များနှင့် သီလ ရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာကျန်းမာရေးဌာနများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဆောင်ရွက်လျက်ရှိသည်။
ဦးစွာ စာမေးပွဲကျင်းပရာ ကာလအတွင်း နွေရာသီ၏ ပြင်းထန်သော အပူရှိန်ကြောင့် စာဖြေသံဃာတော်များ၊ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ သြဝါဒစရိယ ဆရာတော်များ၊ မြို့နယ်စာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား ကျန်းမာရေးထိခိုက်မှုမရှိစေရန်အတွက် ကျန်းမာရေး ဝန်ထမ်းများနှင့် သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့များက စာမေးပွဲမဖြေဆိုမီနှင့် ဖြေဆိုပြီးချိန်များတွင် သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း လိုအပ်လျှင် ဆေးဝါးများ အခမဲ့ ကုသပေးလျက်ရှိပြီး စာဖြေသံဃာတော်များ အပူရှိန်ကြောင့် ကျန်းမာရေးမထိခိုက်စေရန်နှင့် ဉာဏ်တော်ကြည်လင်စွာ ဖြေဆိုနိုင်ရန်အတွက် ချမ်းမြသာစည်မြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက စာမေးပွဲပြီးဆုံးသည်အထိ တာဝန်ကျအဖွဲ့ခွဲပြီး အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)