ငါန်းဇွန် ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ(၂)ရက် နံနက် (၇) နာရီအချိန်က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့နှင့် ဧပြီလ(၂)ရက် နေ့များတွင် နံနက်(၇)နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမအတွင်း၌ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုးနှံပေးသည့် ကာကွယ်ဆေးအမျိုးအစားများမှာ ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပိုလီယိုထိုးဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ- မေးခိုင်- အသည်းရောင်အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ် ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်ဘိုး စသည့်ကာကွယ်ဆေးများကို ထိုးနှံပေးပြီး ကာကွယ်ဆေးထိုး မှတ်တမ်းကဒ်များတွင် စနစ်တကျ မှတ်တမ်းရေးသွင်းပေးခဲ့ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ကလေးငယ်များအပြင် အခြားဒေသမှ ရောက်ရှိနေသည့် ဧည့်သည်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးထိုးရက် မကျော်လွန်စေရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ စုစုပေါင်းကာကွယ် ဆေးထိုးနှံသူ ကလေးငယ် (၅၇၄) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၁၄၈)ဦး လာရောက်ကာကွယ်ဆေး ထိုးနှံခဲ့ကြောင်း သိရသည်။
ကိုကိုနိုင် (ပြန်/ဆက်)