ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ကော့ကရိတ် ဧပြီ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကြီးတွင် ကော့ကရိတ်စာဖြေဌာနမှ ဖြေဆိုအောင်မြင်ကြကုန်သော စာအောင်သံဃာတော်၊ သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီ ၁ ရက်နေ့နံနက် ၉ နာရီက ကျုံဒိုးမြို့၊ ဓမ္မသုခဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး နောင်ဟင်ကျောင်းဆရာတော် ဘဒ္ဒန္တ အာလောကထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ကြွရောက်လာသည့် သံဃာတော်များက မေတ္တာသုတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍  ဆရာတော်/သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းကြပြီး ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲအောင်မြင်ခဲ့သည့် အခြေပြုမူလတန်း (၂၈)ပါး၊ ပထမငယ်တန်း(၁၃)ပါး၊ ပထမလတ်တန်း(၇)ပါး၊ ပထမကြီးတန်း(၄)ပါး၊စုစုပေါင်း သံဃာ တော်၊ သီလရှင်(၅၂)ပါးတို့အား အောင်လက်မှတ်နှင့်စာအောင်ဆု ဝတ္ထုပစ္စည်းများအား တာဝန်ရှိသူများမှ အသီးသီးဆက်ကပ်လှူဒါန်းခဲ့သည်။

နောက် ကော့ပလံကျောင်းဆရာတော် ဘဒ္ဒန္တခေမာစာရမှ ဩဝါဒကထာတရားတော်များ ချီးမြှင့်ခဲ့ရာလှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေး‌ဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဠတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)