ပုသိမ်ကြီး ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကိုရိုးရာအစဉ် အလာမပျက် ကျင်းပနိုင်ရေး၊ ယဉ်ကျေးမှုနှင့်အညီ ပျော်ရွှင်အေးချမ်းစွာဆင်နွှဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂ ရက်၊ မွန်းလွဲ ၁ နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းက မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မဏ္ဍပ်ဆောက်လုပ်မည့် အခြေအနေများ၊ စတုဒီသာ ဧည့်ခံကျွေးမွေးရေး အစီအစဉ်များ၊သင်္ကြန်ယိမ်းအကအဖွဲ့တို့ဖြင့် ကပြဖျော်ဖြေမည့် အစီအစဉ်များ၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ရမည့် အခြေ အနေများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ပုသိမ်ကြီးမြို့နယ် ကိုယ်စားပြု သင်္ကြန်မဏ္ဍပ်ကို ၁၂ လမ်း - ၆၇ လမ်း၌ ဆောက်လုပ်ကျင်းပမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့ညနေပိုင်းတွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခြင်း၊ ပွဲတော်ရက်အတွင်း စတုဒီသာ သင်္ကြန်ရိုးရာအစားအစာများ ကျွေးမွေးခြင်းတို့အပြင် ဗဟိုမဏ္ဍပ်၌ မြို့နယ်ကိုယ်စားပြု ယိမ်းအကအလှများဖြင့် ပြိုင်ပွဲဝင်ခြင်း၊ဖျော်ဖြေဧည့်ခံခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မေဝတီ (ပုသိမ်ကြီး ပြန်/ဆက်)