ပြင်ဦးလွင် ဧပြီ ၂
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြအဖြစ် ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဒုတိယဥက္ကဋ္ဌ MC ဒေါ်အေဇင်မေက အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့်အရည်အချင်းများ၊ အခမ်းအနား အမျိုးအစားအလိုက် ကြိုတင်ပြင်ဆင်ရမည့်အစီအမံများ၊ အခမ်းအနားမှူးတစ်ဦး သိသင့်သိထိုက်သည့် ဆောင်ရန်/ရှောင်ရန်များ၊ မြန်မာစာသဒ္ဒါအသုံးအနှုန်းနှင့် အသံအဖြတ် အတောက်များ၊ လက်တွေ့လုပ်ဆောင်ရာတွင် ဖြစ်ပေါ်တတ်သည့် လုပ်ငန်းအတွေ့အကြုံများ အစရှိသည်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းအား ပြင်ဦးလွင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း (၄၂) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ငါးရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သွေးသွေး (ခရိုင်ပြန်/ဆက်)