လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ကျန်းမာရေးနေ့” အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

လိပ်သို ဧပြီ ၂

၂၀၂၆ ခုနှစ်၊ ဧ​ြပီလ ၇ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့ကျန်းမာရေးနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကမ္ဘာ့ပြည်သူများ ကျန်းမာရေးကောင်းမွန်ပြည့်စုံစေရန်အတွက် ကမ္ဘာ့ကျန်းမာရေးနေ့ကို သတ်မှတ်ခဲ့ကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲလာမည်ဖြစ်ကာ အသိအမြင် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအ​​​နေဖြင့် မည်သည့် ပြိုင်ပွဲကိုမဆို ဆုရသည်၊ မရသည် အဓိကမထားပဲ ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။

ဆက်လက်၍ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ခေါင်းစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့်ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ၊ ဘောလ်ပင်များကို အမှတ်တရ ပေးအပ်ခဲ့ကြောင်းနှင့် အာဟာရမုန့်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

နော်ဖလောရင်း