ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာ တောင်သူဦးဆန်းဝင်း စိုက်ပျိုးထားသော ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပန်းမုံလာစိုက်တောင်သူများသည် မျှားနီတံဆိပ် ပန်းမုံလာမျိုးများ အဓိထားစိုက်ပျိုးကြကြောင်းနှင့် တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးထုပ် (၅) ထုပ် ဝယ်ယူပျိုးထောင်ရပြီး သန်မာသည့် ပျိုးပင်များရွေးချယ်၍ မြေပြုပြင်ထားသည့် စိုက်ခင်းတွင် ပြောင်းရွေ့စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြင်ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ မြေဆွခြင်း၊ ပေါင်းမြက်သန့်ရှင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ ပိုးနှင်ဆေး/ပိုးသတ်ဆေးဖျန်ခြင်း၊ ရေသွင်းခြင်းစသည့် အထွေထွေ ကုန်ကျစရိတ်အနေဖြင့် စိုက်ခင်းတစ်ဧကတွင် ငွေကျပ် (၁၁) သိန်းမှ (၁၃) သိန်းခန့် ကုန်ကျကြောင်း ပန်းမုံလာစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

ပန်းမုံလာသီးနှံသည် နုန်းမြေနုများတွင် ကောင်းစွာဖြစ်ထွန်းကြောင်း၊ ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်၍ စိုက်ပျိုးရကြောင်းနှင့် စိုက်ခင်းတစ်ဧကတွင် အပင်အရေတွက် (၁) သောင်းနှစ်ထောင်ခန့် စိုက်ပျိုးနိုင်ပြီး ရောင်းချသည့်အခါ ရောင်းတန်းဝင် အပင်အရေအတွက် (၈) ထောင်ကျော် (၉) ထောင်ခန့်သာ ခုတ်ယူရောင်းချရကြောင်း၊ ပန်းမုံလာပွင့်တစ်ပွင့်အား ငွေကျပ် (၄၂၀) ကျပ်နှုန်းဖြင့် ရောင်းချရသည့်အတွက် ပန်းမုံလာစိုက်တောင်သူများ  အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)