ညောင်ဦး ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းအတွင်း ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဖျော်ဖြေတီးခတ်နိုင်ရေး၊ အလှည့်ကျရက်များတွင် ဖျော်ဖြေတီးခတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂ ရက်၊ နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က ပုဂံမြို့ဟောင်းအတွင်းကျင်းပမည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပါဝင်တီးခတ်ကြမည့် တီးဝိုင်း (၅) ဝိုင်းမှ အလှည့်ကျဖျော်ဖြေနိုင်ရေး အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် သင်္ကြန်ကာလ သတင်းပြန်ကြားရေးနှင့်ဖျော်ဖြေရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်ရည်မွန်သူက မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား သတင်းထုတ်ပြန်ရေး၊ မှတ်တမ်းရိုက်ကူးနိုင်ရေးနှင့် တီးဝိုင်းများ အလှည့်ကျဖျော်ဖြေနိုင်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် တီးဝိုင်း (၅) ဝိုင်းမှ တီးဝိုင်းခေါင်းဆောင်များက ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ကြားရက်များတွင် ဖျော်ဖြေတီးခတ်ကြမည့်သီးချင်းအမည်များနှင့် ယိမ်းသမများ ကမည့်သီချင်းများအား စာရင်းပေးထားနိုင်ရေးတို့အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း