မြစ်သား ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်နှင့် ရေဆေးပန်းချီရေးဆွဲတတ်စေရန် ရည်ရွယ်၍ ရေဆေးပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၁ ရက် နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ရေဆေးပန်းချီရေးဆွဲနည်းသင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ရေဆေးပန်းချီစနစ်တကျရေးဆွဲတက်စေရန်၊ ငယ်စဉ်ကတည်းက တီထွင်ဖန်တီးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ သင်ကြားပြသပေးမည့် အတတ်ပညာများကို စိတ်ဝင်စားစွာ လေ့လာသင်ယူသွားကြပြီး ပန်းချီပညာရှင်များဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရေဆေးပန်းချီရေးဆွဲနည်း သင်တန်းနည်းပြဆရာ ဦးဇော်ဇော်ဝင်းက ရေဆေးပန်းချီရေးဆွဲနည်းဘာသာရပ်များဖြစ်သော ရေဆေးပန်းချီ၊ ဆီဆေးပန်းချီ၊ အခရိုင်းလစ်ပန်းချီရေးဆွဲရာတွင် စုတ်တံကိုင်တွယ်အသုံးပြုတတ်စေရန်၊ ဆေးရောင်များ ရောစပ်အသုံးပြုတတ်စေရန်၊ ရှုခင်းပုံများရေးဆွဲရာ၌အနီးအဝေးရေး ဆွဲတတ်စေရန်တို့ကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ရေဆေးပန်းချီရေးဆွဲနည်းသင်တန်းကို ကျောင်းသား၊ ကျောင်သူ ၂၀ ဦးတို့အား ဧပြီ ၁ ရက်မှ ၉ ရက်နေ့အထိ သင်တန်းကာလ ၉ ရက်ကြာ နေ့စဉ် နံနက် ၉ နာရီခွဲမှ ၁၀ နာရီခွဲအထိ စာတွေ့၊ လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)