ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ဒဂုံတောင် ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်၊ (၂၁)ရပ်ကွက်၊ မြရတနာလမ်းရှိ အမှတ်(၁၂)အခြေခံပညာအလယ်တန်းကျောင်းတွင် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀:၀၀) နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ တက်ရောက်လာသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများက “နမောတဿ” (၃)ကြိမ်ရွတ်ဆိုခြင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး အမှတ်(၁၂)အခြေခံပညာအလယ်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုကျော်က ကျေးဇူးတင်စကားပြောကြားပြီး မြို့နယ်သာသနာနုဂ္ဂဟအသင်းမှ တာဝန်ရှိသူက ယဉ်ကျေးလိမ္မာသင်တန်း သင်ကြားခြင်းနှင့်ပတ်သက်၍ ဂုဏ်ပြုချီးမြှင့်စကား ပြောကြားသည်။

ယင်းနောက် ဂုဏ်ပြုချီးမြှင့်လွှာများကို တာဝန်ရှိသူများက ယဉ်ကျေးလိမ်မာသင်တန်းဖြစ်မြောက်ရေးအတွက် အာဟာရအလှူ၊ စာအုပ်နှင့်စာရေးကိရိယာ၊ ငွေကြေးစသည့် လှူဒါန်းသည့်အလှူရှင်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ယဉ်ကျေးလိမ်မာသင်တန်းပြီးဆုံးသည်အထိ တက်ရောက်သော သင်တန်းတက်ရောက်သူ ကျောင်းသား၊ ကျောင်းသူများအတွက် သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ကြပြီး ယဉ်ကျေးလိမ်မာသင်တန်းတွင် အငယ်တန်းအဆင့်၊ အလတ်တန်းအဆင့်၊ အကြီးတန်းအဆင့်တို့တွင် ဆုရရှိသော ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား ဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ခဲ့ကြပြီး အမှတ် ၂၁ ရပ်ကွက် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံသင်တန်း နှစ်စဉ်ပြုလုပ်နိုင်ရန်အတွက် Dream Preschool And Education Centre မိသားစုတို့မှ မတည်ငွေလှူဒါန်းခဲ့ကြပြီး သင်တန်းပို့ချသော သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းဝေယျဝစ္စပြုလုပ်ပေးသူများ အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး‌နောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအောင်မြင်စွာပြီး‌မြောက်ကြောင်း သိရသည်။

နေမျိုးအောင်