ဘားအံ ဧပြီ ၁
တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို မတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ၂၃ ဦးအနက် ၂၁ ဦးတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကိုက ပြည်နယ်တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာကော်မတီ၊ အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များဆိုင်ရာကော်မတီ၊ ပြည်သူတို့၏တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာစိစစ်ရေးကော်မတီတို့ကို ဖွဲ့စည်းနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်သို့ရှင်းလင်းပြောကြားပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက အဆိုပါကော်မတီများ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို ပြည်နယ်လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အဆိုပါကော်မတီများ၏ အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့တင်ပြရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ရန်မရှိ သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်မှအတည်ပြုကြောင်း ကြေငြာခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)