ကရင်တိုင်းရင်းသားစာပေသင် ဆရာ/ဆရာမများ (၃)ကြိမ်မြောက် ကရင်စာပေမွမ်းမံသင်တန်းဆင်း

ဘားအံ ဧပြီ ၁

အခြေခံပညာကျောင်းများတွင် ကရင်တိုင်းရင်းသားစာပေသင် ဆရာ/ဆရာမများ၏ သင်ကြားမှုစွမ်းရည် ပိုမိုမြင့်မားလာစေရန် ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းက ကြီးမှူးဖွင့်လှစ်သော (၃)ကြိမ်မြောက်ကရင် စာပေမွမ်းမံသင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကရင်ကျောင်း သားများရိပ်သာ အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မူလတန်းအရွယ်ကလေးသူငယ်များကို ၎င်းတို့၏မိခင်ဘာသာစကားနှင့် ပညာစတင်သင်ကြားခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ပြီး ကရင်တိုင်းရင်းသားတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ထိန်းသိမ်းရေးအတွက် ပိုမိုထိရောက်စေမည်ဖြစ်သည့်အတွက် အဆိုပါသင်တန်းကို မတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ (၆)ရက်ကြာ သင်ကြားပို့ချပေးခဲ့ရာ ဘားအံမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ(၇၀)ဦး၊ လှိုင်းဘွဲမြို့နယ်မှ (၃၂)ဦး၊ ကော့ကရိတ်မြို့နယ်မှ (၁၇) ဦး၊ ကြာအင်းဆိပ်ကြီး မြို့နယ်မှ (၂၃) ဦး၊ မွန်ပြည်နယ်ကျိုက်မရောမြို့နယ်မှ(၁၅)ဦး၊ သထုံမြို့နယ်မှ (၂)ဦးတို့က ပိုးကရင် ဘာသာတွင် ၁၂၆ ဦး၊ စကောကရင်ဘာသာတွင် ၄၃ ဦး စုစုပေါင်း ၁၆၉ ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း နာယကသုန္ဒရာရုံ စက်မှုဇုံကျောင်းဆရာတော်က အဖွင့်ဩဝါဒကထာမြွတ်ကြားပြီး ပြည်နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေး အသင်းဥက္ကဋ္ဌ၏ အမှာစကားကို သင်တန်းမှူးက ဖတ်ကြားကာ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက ကရင်တိုင်းရင်းသားစာပေသင်ဆရာ/ဆရာမများနှင့် စပ်လျဉ်း၍ ပညာရေးကဏ္ဍမြှင့်တင်ရေးဆိုင်ရာများကို  ရှင်းလင်းအားပေး စကားပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)