ပြင်ဦးလွင် ဧပြီ ၁
၂၀၂၆ ခုနှစ်၊ ပြင်ဦးလွင်ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံ အားကစား သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီက ပြင်ဦးလွင်ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ အားကစားဆပ်ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သင်တန်းသားများမှ နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းနှင့် အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက နွေရာသီအခြေခံ အားကစား သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက အလှူရှင်များနှင့် နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့၍ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး မြန်မာ့သိုင်း၊ လက်ဝှေ့၊ Myanmar Fitness Dance၊ ဘောလုံး၊ တိုက်ကွမ်ဒိုနှင့် ကရာတေးတို့မှ သရုပ်ပြသခဲ့ပြီးနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းသားများအားလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ သင်တန်းကို ၅-၃-၂၀၂၆ ရက်နေ့မှ ၃၁-၃-၂၀၂၆ ရက်နေ့ အထိ သင်တန်းနည်းပြများမှ ဘောလုံး၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်၊ Ground တင်းနစ် ၊ စစ်တုရင်၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ ကရာတေး၊ ဘတ်စကက်ဘောနှင့် ရိုးရာခြင်း စသည့် အားကစားအမျိုးအစား ၁၂ မျိုးကို နံနက်ပိုင်းမှစတင်ပြီး သင်တန်းသား၊ သင်တန်းသူ ၅၀၀ ဦးတို့အား စနစ်တကျ သင်ကြား ပို့ချခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင် (ပြန်/ဆက်)