နေပြည်တော် ဧပြီ ၁
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင်ကျင်းပသည့် ပေါင်းလောင်းဆင်စာသစ်တော ကြိုးဝိုင်းအတွင်း သစ်တောကြိုးဝိုင်းမြေမှ ပယ်ဖျက်ပေးခဲ့သည့် စိုက်ပျိုးလုပ်ကိုင်နေသော လယ်မြေများအတွက် တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ပေးအပ်ပွဲအခမ်းအနား သို့တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးထားရှိသော လယ်ယာမြေများအား လယ်ယာမြေဥပဒေနှင့် အညီတောင်သူများလက်ဝယ်သို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ပေါင်းလောင်းဆင်စာ သစ်တောကြိုးဝိုင်းအတွင်းမှပယ်ဖျက်ပေးခဲ့သည့်ကျေးရွာ ၁၂ ရွာဖြစ်သည့် အောင်သပြေ၊ နနွင်းအိုင်၊ သရက်ချောင်း၊ ပေါင်းလောင်း၊ ရွှေပြည်သာ၊ လက်ပံတန်း၊ ဗောဓိကုန်း၊ ဟေမာန်၊ အင်တိုင်းသာ၊ သစ်ကိုးပင်၊ ညောင်ပင်သာ၊ အောင်ချမ်းသာကျေးရွာများတွင် လက်ရှိစိုက်ပျိုးလျှက် ရှိသော လယ်မြေဧရိယာ ၄၄၂၂ဒသမ ၆၆ ဧကအားကွင်းဖွဲ့တိုင်းတာခြင်းများဆောင်ရွက်ခဲ့ပြီး ကျေးရွာနှစ်ရွာမှတောင်သူ ၃၀၆ ဦး၏ လယ်မြေ ၉၆၀ဒသမ ၆၁ ဧက ဦးပိုင်ပေါင်း ၄၈၈ ဦးပိုင်အား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်သည့်ကျေးရွာများကိုလည်း ထုတ်ပေးနိုင်ရန် ဆက်လက်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့၏လယ်မြေများတွင် အရည်အသွေးကောင်းမွန်၍ အထွက်နှုန်းများသည့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းပြည့်မီရေး စနစ်တကျ ကြိုးပမ်းစိုက်ပျိုးခြင်းဖြင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြသည်။ ဆက်လက်၍ လယ်ဝေးမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရက လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ်ပုံစံ (၇) ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) များပေးအပ်ရာ တောင်သူများကိုယ်စားဒေသခံ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၊ အင်တိုင်းသာကျေးရွာ၊ ကွင်းအမှတ်၂၂၁၅၊ တောင်သူဦးမှတ်ကြီး၏ လယ်မြေ ၅ ဧကတွင်နွေစပါး နှံကောက်မျိုးအား လက်ဆွဲဆီဒါ ဖြင့်မျိုးစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးကာ နွေစပါးပန်းတိုင်အထွက် နှုန်းရရှိရေး နည်းစနစ်တကျစိုက်ပျိုးရေး ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ပေါက်မြိုင်ကျေးရွာ၊ ကွင်းအမှတ် ၁၇၄၆၊ တောင်သူ ဦးစိုးလင်း၏ လယ်မြေ ၁၀ဧကတွင် နွေစပါး နှံကောက်မျိုးများ ဆီဒါဖြင့်စိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)