ဘားအံ ဧပြီ ၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာ စရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့ အမှတ် (၉) ရပ်ကွက်ရှိ သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး ဘားအံစာဖြေဌာန၌ မတ်လ (၂၉) ရက်၊ မွန်းတည့် (၁၂) နာရီချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဘားအံစာစစ်ဌာနသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ယမန့်နေ့ နေ့လယ်ပိုင်းအချိန်တွင် သွားရောက်ပြီး စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအားကြည်ညိုကာ အာဟာရပြည့်အချိုရည်ဗူးများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးသည် ၎င်းစာဖြေဌာနကျင်းပရာသာသနာ့ ဝေစည်ဓမ္မဗိမာန်တော်ကြီး (၄) ထပ်ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဘားအံမြို့စာဖြေဌာနတွင် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို ဘားအံမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများမှ စာဖြေသံဃာသီလရှင်များမှ ဖြေဆိုရန်စာရင်းပေးသွင်းမှုမှာ ပထမကြီးတန်းတွင် (၈၀) ပါး၊ ပထမလတ်တန်းတွင် (၁၃၄) ပါး၊ ပထမငယ်တန်းတွင် (၃၃၁) ပါးနှင့် အခြေပြုမူလတန်းတွင် (၆၃၇) ပါး၊ စုစုပေါင်း (၁၁၈၂) ပါးဖြစ်ပြီး ဖြေဆိုမှုမှာစုစုပေါင်း (၁၀၅၁) ပါး ဖြေဆို၍ (၁၃၁) ပါးမှာ ကြွရောက်ဖြေဆိုနိုင်မှုမရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)