မူဆယ်မြို့တွင် နွေရာသီ အခြေခံစစ်တုရင်သင်တန်းဆင်းပွဲ ကျင်းပ

မူဆယ် မတ် ၃၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မူဆယ်ခရိုင်အားကစားနှင့်ကာယပညာကော်မတီနှင့် မူဆယ်မြို့နယ် စစ်တုရင်အသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံစစ်တုရင်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မူဆယ်ခရိုင်အားကစားနှင့် ကာယပညာကော်မတီနှင့် မူဆယ်မြို့နယ် စစ်တုရင်အသင်းမှကြီးမှူး၍ နွေရာသီအခြေခံစစ်တုရင်သင်တန်းကို ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပြီး၊ သင်တန်းဆင်းပွဲတွင် မူဆယ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးစောညီညီထူးနှင့် မူဆယ်ခရိုင် စစ်တုရင်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်မိုးတို့က သင်တန်းဆင်း အမှာစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစောရင်က မုဒိတာစကားပြောကြားခဲ့ပြီး၊ သင်တန်းသားများအတွက် သင်တန်းဆင်းဂုဏ်ပြုလွှာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)