မြဝတီမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ကျင်းပ

မြဝတီ  မတ် ၃၁

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှု​ဝန်ကြီး ဌာန၊သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲတတိယနေ့ကို ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီ ဗိမာန်တော်စာဖြေဌာန၌  ယနေ့ မွန်းတည့် ၁ နာရီက အဘိဓမ္မတ္ထသင်္ဂ ဘာသာရပ်ကို  ဆက်လက်ဖြေဆိုသည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲ အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်ကို ဝင်ရောက်ဖြေဆိုကြသည့် ပထမကြီးတန်းသံဃာတော် (၁) ပါး၊ ပထမလတ်တန်း သံဃာတော် (၁) ပါး၊ သီလရှင် () ပါး၊ ပထမငယ်တန်း သံဃာတော် (၂) ပါး၊ သီလရှင် (၁၅) ပါး၊ အခြေပြုမူလတန်း သံဃာတော် (၆) ပါး၊ သီလရှင် (၃) ပါး စုစုပေါင်း သံဃာတော် (၁၀၈)ပါးနှင့် သီလရှင် (၅၅) ပါး တို့ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

မြဝတီမြို့၌ ကျင်းပသည့် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုတော်မူကြသည့် သံဃာတော်နှင့် သီလရှင်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခတပ်ဦးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တ ဒေါက်တာ အရှင်ပညာနန္ဒဦးဆောင်သည့် အထူးကြီးကြပ်ရေးဆရာတော်ကြီးများနှင့် ဩဝါဒစရိယ ဆရာတော်ကြီးများ၊ မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဝင်းနှင့်တာဝန်ရှိသူများ၊ ကြီးကြပ်ရေးအဖွဲ့ဝင်လူပုဂ္ဂိုလ်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်းသိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)