ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဆက်လက်ဖြေဆို

ချမ်းမြသာစည်  မတ်  ၃၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်တတိယနေ့စာမေးပွဲကို မတ် ၃၁ ရက် မွန်းတည့် ၁၂ နာရီက အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ ပါဠိပထမပြန်အကြီးတန်းစာမေးပွဲတွင် စာဖြေသံဃာတော် ၄၈ ပါး၊ ပါဠိပထမပြန်အလတ်တန်း စာမေးပွဲတွင် စာဖြေသံဃာတော် ၆၈ ပါးနှင့် အရပ်သားအမျိုးသမီး ၁ ဦး ၊ ပါဠိပထမပြန်အငယ်တန်းစာမေးပွဲတွင် စာဖြေသံဃာတော် ၁၄၄ ပါး၊ ပါဠိပထမပြန်အခြေပြု မူလတန်းစာမေးပွဲတွင် စာဖြေသံဃာတော် ၁၈၁ ပါး ဖြေဆိုလျက်ရှိသည်။ စုစုပေါင်းစာရင်းရှိ (၅၇၁)ပါးရှိပြီး (၁၂၉)ပါးဖြေဆိုရန် ပျက်ကွက်သည်။

စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများကလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။ ပါဠိပထမပြန်စာမေးပွဲတွင် ကြီးကြပ်သည့်ဆရာတော်ကြီးများနှင့်စာဖြေသံဃာတော်များအား ချမ်းမြသာစည်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအဖွဲ့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး အမှတ်(၃၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုုချိုမြင့် မိသားစုမှ အချိုပွဲများ ပါဝင်လှူဒါန်းခဲ့သည်။ အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲအား မတ်၂၉ရက်မှ ဧပြီ၄ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အလင်းသစ် (ချမ်း/စည်)