တာချီလိတ်မြို့၌ ဘိုးဘွားများအား(ပဉ္စမအကြိမ်) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးဝါးကုသိုလ်ပြုလှူဒါန်း

တာချီလိတ် မတ် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဘိုးဘွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးဝါးကုသိုလ်ပြုလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ) နယ်ခြားကော်မတီ ဆက်ဆံရေးတာဝန်ခံ၊ UBL,BLF Company မန်နေးဂျင်း ဒါရိုက်တာ၊ နိုင်ငံတော်လူမှုထူးချွန်(တတိယ)အဆင့်၊ ပြည်နယ်လူမှုထူးချွန် (ပထမ)အဆင့် ဦးဘိုလေးက ဘိုးဘွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးဝါးကုသိုလ်ပြုလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တာချီလိတ်မြို့မှ ဒေသခံစေတနာရှင် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ဘိုးဘွား ၂၄ ဦးတို့အား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ လိုအပ်သော ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ဆောင်ရွက်ပေးကြသည်။

ထို့နောက် ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းဆိုင်ကျောက်က ဘိုးဘွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးဝါးကုသိုလ်ပြုလှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ နိုင်ငံတော်လူမှုထူးချွန်(တတိယ)အဆင့်၊ ပြည်နယ်လူမှုထူးချွန် (ပထမ)အဆင့် ဦးဘိုလေးက လက်ခံရယူပြီး အဆိုပါကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးဝါးကုသိုလ်ပြုလှူဒါန်းလာသည်မှာ  ငါးအကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)