ဇမ္ဗူသီရိမြို့နယ်၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဇမ္ဗူသီရိ မတ် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူကောင်းလူတော်များ ဖြစ်ပေါ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက  ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

ပထမဦးစွာ တိုက်ကွမ်ဒိုသင်တန်း၊ Fitness Dance သင်တန်းမှ ကျောင်းသား ကျောင်းသူလေးများက သရုပ်‌ပြ‌ဖျော်‌ဖြေခဲ့ကြပြီး၊ ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး  ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက သင်တန်းဖြစ်မြောက်ရေးအတွက် အာဟာရဒါနနှင့် သွားလာရေးလွယ်ကူစေရန် ကူညီပံ့ပိုး လှူဒါန်းပေးပါသော အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်းတွင်  မေတ္တာဖြင့် ကူညီသင်ကြား ပေးပါသော အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းမှ ဒု-လယ်ပြ ဆရာမ ဒေါ်နှင်းနှင်းဝေအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်းကို မတ်လ(၅)ရက်နေ့မှ မတ်လ (၂၇)ရက်နေ့အထိ အမှတ်(၂၂) အခြေခံပညာအလယ်တန်းကျောင်းမှ ဒု-လယ်ပြ ဆရာမဒေါ်နှင်းနှင်းဝေ၊ တိုက်ကွမ်ဒိုသင်တန်းတွင် သင်တန်းနည်းပြ ဆရာမောင်လွန်မင်ဂိုနှင့် Fitness Dance သင်တန်းတွင် သင်တန်းနည်းပြဆရာမ မလျှင်ငိုက်နိမ်နှင့် မကင်းနေလင်းတို့က မတ်လ (၅)ရက်နေ့မှ မတ်လ (၁၃)ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)