မိုးနဲ မတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ လမ်းလျှောက်သင်္ကြန်ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျင်းပခဲ့ရာ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ပြည်သူများအေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေးအတွက် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများအတိုင်း စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် ယခုနှစ်သင်္ကြန်ပွဲတွင် လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည့် အခြေအနေတို့ကို ပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများက ဘဏ္ဍာငွေရှာဖွေရရှိမှုအခြေအနေနှင့် လုပ်ငန်းများအလိုက် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ လမ်းလျှောက်သင်္ကြန် ဆောင်ရွက်မည့် နေရာ၊ အကျယ်အဝန်းနှင့် အစီအမံများကို အသီးသီးရှင်းလင်းတင်ပြခဲ့ရာ သင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တင်ပြချက်များအပေါ် လိုအပ်သည်များကို ဦးစီးကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ညှိနှိုင်း၍ လုပ်ငန်းအလိုက်အတည်ပြုချက်ရယူခဲ့ကြသည်။
မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်မှစတင်၍ မြို့နယ်မဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ တည်ဆောက်ဖွင့်လှစ်၍ ဖွင့်ပွဲ၊ပိတ်ပွဲနှင့်ဆုပေးပွဲအစီအစဉ်များ၊ ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေး အဆိုအကများ နှင့် စတုဒီသာအကျွေးအမွေးအစီအစဉ်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်မဏ္ဍပ်အနီးတွင် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန် စတုဒီသာအကျွေးအမွေးများ နေ့စဉ်လှူဒါန်းကျွေးမွေးကာ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)