လိပ်သို မတ် ၃၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နနွင်းတက်များ တွင်ကျယ်စွာ တူးဖော်ရောင်းချချိန် နနွင်းခြောက်များ စျေးကောင်းရလျက်ရှိသည်။
ဒေသတွင်းရှိ ကျေးရွာအများအပြားမှ တောင်သူများမှာ မိမိတို့၏ တောင်ယာခင်းများတွင် နနွင်းများကို စီးပွားဖြစ် စိုက်ပျိုးထားကြရာ နနွင်းခင်းများကို တူးဖော်ပြီး ရရှိလာသော နနွင်းတက်များကို ရေဆေးကာ နူးအောင်ပြုတ်ပြီး အရောင်တက်စေရန် ဇကာများဖြင့် နေလှန်းအခြောက် ပြုလုပ်ရောင်းချကြသည်။
လိပ်သိုမြို့ပေါ်၌ နနွင်းခြောက်တစ်ပိဿာလျှင် (၁၈၅၀၀) ကျပ် စျေးရရှိနေကြောင်း၊ နနွင်းခြောက်များကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့ အများဆုံးတင်ပို့ရောင်းချကြရာ တောင်ငူမြို့၌ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ် စျေးရရှိနေသဖြင့် နနွင်းသိုလှောင်ရောင်းဝယ်သူများနှင့် နနွင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း