နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး နေပြည်တော်အတွင်း ယင်လုံအိမ်သာရာနှုန်းပြည့် ဆောက်လုပ်သုံးစွဲရေး အသိပညာပေးဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် မတ် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ယင်လုံအိမ်သာ ရာနှုန်းပြည့်ဆောက်လုပ်သုံးစွဲရေး အသိပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးဟန်သူ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော် ကြက်ခြေနီကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာနေ ပြည်သူများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက အမှာစကားပြောကြားရာတွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းတစ်ခုတွင် ယင်ကောင်မှတဆင့် ဝမ်းနှင့် ပတ်သက်သည့်ရောဂါများ ကူးစက်ပြန့်ပွားနိုင်ပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲရေးသည် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် Clean City, Green City, Smart City မြို့တော် အဖြစ်ဆောင်ရွက်နေသည့်အလျောက် ယင်လုံအိမ်သာ ရာခိုင်နှုန်းပြည့် ဆောက်လုပ်သုံးစွဲရေးအတွက် အားဖြည့်ဆောင်ရွက်ရန် ရည်ရွယ်၍ ပြည်သူများ၏ ကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း၊ နေပြည်တော်အတွင်း ၂၀၁၄ ခုနှစ်တွင်အိမ်ထောင်စုအားလုံး၏ ၈၇ ဒသမ၂ ရာခိုင်နှုန်း၊ ၂၀၂၄ ခုနစ်တွင် အိမ်ထောင်စုအားလုံး၏ ၉၂ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနစ်တွင် အိမ်ထောင်စုအားလုံး၏ ၉၉ ရာခိုင်နှုန်းတို့သည် ကောင်းမွန်သန့်ရှင်းသောအိမ်သာများ အသုံးပြုနေသည်ကို တွေ့ရှိရပါကြောင်း၊ ယင်လုံအိမ်သာသုံးစွဲမှုစာရင်းဇယားအား မြေပြင်ကွင်းဆင်းကောက်ယူခဲ့ရာတွင် အိမ်ခြေ ၂၅၇၇၅၉ တွင် septic tank သုံးစွဲသည့်အိမ်ခြေ (၁၀၃၆၄၈)(၄၀ ဒသမ၂၁ရာခိုင်နူန်း) ရှိပြီး တွင်းလွှဲရေလောင်း အိမ်သာသုံးစွဲသည့်အိမ်ခြေ ၁၄၆၃၀၉ နှင့် တွင်းတည့်ရေလောင်း အိမ်သာသုံးစွဲသည့်အိမ်ခြေ ၃၄၈၄ ရှိကြောင်း၊ ၂၀၂၅ ခုနစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယင်လုံအိမ်သာ ရာနှုန်းပြည့်ဆောက်လုပ်ရန်အတွက် အိမ်သာခွက်နှင့် ပိုက်(၈၀၀၀)စုံ ပံ့ပိုးပေးခဲ့ပါကြောင်း၊ ထို့ကြောင့် မိသားစုတိုင်း ကျန်းမာရေးနှင့်ညီညွတ်သည့် အိမ်သာများ၊ အခြေခံ (အနိမ့်ဆုံး) ကောင်းမွန်သန့်ရှင်းသောအိမ်သာများ စနစ်တကျသုံးစွဲရေး၊ ကျန်းမာရေး အသိပညာမြှင့်တင်ရန်နှင့် လူထုပူးပေါင်းပါဝင်သော ကြိုးစားမှုလိုအပ်ကြောင်း၊ နေပြည်တော်အတွင်းရှိ ပြည်သူများအားလုံး ယင်လုံအိမ်သာဆောက် လုပ်သုံးစွဲခြင်းဆိုင်ရာ ကျန်းမာရေးဗဟုသုတများရရှိ၍ လိုက်နာပြုမူဆောင်ရွက်ခြင်းဖြင့် ကျန်းမာခြင်းဆိုင်ရာ ကောင်းကျိုးရလာဒ်များရရှိပြီး လူတိုင်းသက်တမ်းရှည်ရေးအတွက် အထောက်အကူဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရေးတို့အတွက် အရှိန်မြှင့် ဆောင်ရွက်သွားကြရန်၊ အလုံးစုံသန့်ရှင်းရေးမြို့နယ်(Total Sanitation Township)များအဖြစ် သတ်မှတ်ကြေငြာရန်အတွက် ဌာနများပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းလို‌ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဆွေဇင်ဝင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ယင်လုံအိမ်သာရာနှုန်းပြည့် သုံးစွဲနိုင်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် တက်ရောက်လာသူများက နေပြည်တော်ကောင်စီနယ်မြေအတွင်း ယင်လုံအိမ်သာ ရာနှုန်းပြည့်ဆောက်လုပ်သုံးစွဲနိုင်ရေး အသိပေးဆွေးနွေးပွဲ နံရံကပ်ပြဘုတ်များ၊ ယင်လုံအိမ်သာသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)