မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ စိုက်ပျိုးရေးပညာရှင်အဖွဲ့က တောင်သူများကို အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

မန့်ဟီးရိုး       ဇန်နဝါရီ    ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ စိုက်ပျိုးမြေဧကပေါင်း(၄)ထောင် ကျော်တွင် စိုက်ပျိုးထားသည့် ဆောင်းသီးနှံစိုက်ခင်းများသို့ မူဆယ်ခရိုင်မှ စိုက်ပျိုးရေးပညာရှင် အဖွဲ့က ယမန်နေ့ နေ့လယ်(၂)နာရီအချိန်ခန့်တွင် ဝင်ရောက် လေ့လာကြည့်ရှုပြီး တောင်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်ပေးသည်။

မူဆယ်မြို့မှ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နန်းလွင်လွင်စိန်ဦးဆောင်သော အဖွဲ့သည် မန့်ဟီးရိုးဒေသ၌ ဆောင်းသီးနှံစိုက်ခင်းများစိုက်ပျိုးထားသော တောင်သူများနှင့်တွေ့ဆုံ၍ လက်ရှိ စိုက်ပျိုးလျက်ရှိသည့် အပင်များအတွက် မျိုးစေ့များအသုံးပြုခြင်း၊ အပင်များကြီးထွားသန်မာ စေရေးအတွက် ထည့်သွင်းနေသော ဓာတ်မြေဩဇာများ အကြောင်းနှင့် ပိုးသတ်ဆေးများ ပက်ဖျန်းရာတွင် စနစ်တကျသုံးစွဲနိုင်ရေးတို့အတွက် အသိပညာပေး ဆွေးနွေး ခဲ့ကြသည်။  

ဆက်လက်ပြီး မန့်ဟောင်းတုံကျေးရွာနှင့် တိန်းဟေးကျေးရွာတို့တွင် စိုက်ပျိုးထားသော ပဲပုတ်စိုက်ခင်းများကို ဝင်ရောက်ကြည့်ရှုခဲ့ပြီး အနည်းငယ်ညှိုးနွမ်းနေသည့် ပဲပုတ်ပင်များနှင့် ပတ်သက်၍ ဖျက်ပိုးများသေစေရန် ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲ ထားကြောင်းနှင့် အပင်သန်ဆေးများပြန်လည် ပက်ဖျန်းနိုင်ရေးတို့ကိုလည်း အသိပညာပေး ဆက်လက်ဆွေးနွေးသည်။

မန့်ဟီးရိုးမြို့တွင် သီးနှံစိုက်ပျိုးမြေပေါင်း ဧက(၅)ထောင်ကျော်ရှိသည့်အနက် ယခုနှစ်တွင် ဆောင်းသီးနှံများကို ဧက(၄)ထောင်ကျော်သာ စိုက်ပျိုးကြကြောင်းသိရသည်။ ဖူးစား ပြောင်း (အချို) (၄၀) ဧက၊ ပဲပုတ်(၂၂)ဧက၊ဖရုံ၊ မုန့်ညှင်း၊ ကိုက်လန်၊ ဂျုံ၊ ပဲလိပ်ပြာ၊ တိုင်ထောင်ပဲ၊ ဂေါ်ဖီထုပ်၊ ပန်းမုံလာများနှင့် ကြာစွယ်များကိုစိုက်ပျိုး၍ ဒေသတွင်း၌သာ ရောင်းချလျက်ရှိကြောင်းနှင့် နောင်ဖိုင်အုပ်စုတွင် စိုက်ပျိုးထားသော ဖူးစားပြောင်းများကို တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်း ချနိုင်ရေး အတွက်လည်း ဒေသခံတောင်သူများမှ ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။

စန္ဒာ(ပြန်/ဆက်)